Ballon d’Or ၅ဆုရှင် လီယွန်နယ်မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာ ၄၈ပွဲ ကစား ၄၈ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၂ကြိမ်ထိလည်း ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လာလီဂါဖလားကို ပြိုင်ပွဲမပြီးဆုံးခင်မှာပဲ ရရှိထားသလို ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲကိုလည်း ဗလင်စီယာအသင်းနဲ့ လာမယ့်အပါတ်မှာ ကစားရဖို့ရှိနေပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ကောင်းမွန်ခဲ့ပေမယ့် ချန်ပီယံလိဒ်ပြိုင်ပွဲက ထွက်ခွာခဲ့ရခြင်းဟာ ရွှေဘောလုံးဆုအတွက် အဟန့်အတားတစ်ခုဖြစ်စေခဲ့ပါတယ်။ ချန်ပီယံလိဒ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ လှပသေသပ်တဲ့ ဖရီးကစ်ဂိုးအပါအဝင် လီဗာပူးလ်အသင်းဘက်ကို ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယအကျော့ အန်ဖီးမှာ ခြေစွမ်းမပြနိုင်ဘဲ လီဗာပူးလ်အသင်းရဲ့ အံ့သြဖွယ်ရာ come back ကြောင့် ချန်ပီယံလိဒ်ကို နှုတ်ဆက်ခဲ့ရပါတယ်။
နည်းပြမော်ရင်ဟိုကတော့ လီဗာပူးလ်အသင်းနဲ့ ပထမအကျော့ပွဲအပြီးမှာ မက်ဆီကို ဘောလုံးလောကရဲ့ အရှင်သခင်ဆိုပြီး ချီးကျူးခဲ့ဖူးပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းချန်ပီယံလိဒ်က ထွက်ခွာခဲ့ရပြီးနောက်မှာတော့ “မက်ဆီဟာ Ballon d’Or ဆုရသင့်လားဆိုတာ သံသယရှိပါတယ် ဘာဖြစ်လို့ဆိုတော့ သူချန်ပီလိဒ်မှ ကျရှုံးခဲ့တယ်လေ” ဆိုပြီး မော်ရင်ဟိုပြောကြားခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ရွှေဘောလုံးဆုကို ၂၀၁၅ခုနှစ်တည်းက မရရှိတော့တာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်အတွက် ရွှေဘောလုံးဆုကို ရခဲ့မယ်ဆိုရင်တော့ မဟာပြိုင်ဘက် ရော်နယ်ဒိုထက် တစ်ဆုအသာရသွားမှာလည်းဖြစ်ပါတယ်။
#Before kick-off